ဒီကနေ့ ဘကြီး "ဘာဟင်းနဲ့ထမင်းစားခဲ့လဲ?
ဒီကနေ့ ဘကြီး "ဘာဟင်းနဲ့ထမင်းစားခဲ့လဲ?
၂၀၀၂-ခုနှစ်ကတောင်သမန်ကျောက်တော်ကြီးဘုရား
ဝင်းထဲမှာ ဗေဒင်ဟောပြောနေသောကာလဖြစ်သည်။
ရံဖန်ရံခါဆိုသလို ကျောက်တော်ကြီးဘုရားထဲသို့ ("အိန္ဒြေ
ရှင်" အမျိုးသမီးဘော်ဒါဆောင်ပိုင်ရှင်၏ဖခင်) ဘကြီးတုပ်
သည် ဘုရားဖူးလာလေ့ရှိသည်။
ဘကြီးတုပ်က အသက် ၉၀ ကျော်နေလေပြီ။ ကျွန်တော်
ဧည့်ရှင်းသောနေ့ဆိုလျှင် ဘကြီးတုပ်က-
" ဆရာလေး ဒီကနေ့ ဘကြီးဘာဟင်းနဲ့ထမင်းစားခဲ့လဲ"
ဟုပြောပြီးဟောခန်းထဲဝင်ထိုင်လေ့ရှိသည်။ ပြီးတော့အာလာ
ပ သလ္လာပ စကားများပြောသည်။
အသက်ကြီးပေမယ့် ပျော်ပျော်ရွှင်ရွှင်နေပြီး ငယ်ဘဝ နဲ့
တောင်သမန်တိုက်နယ်အကြောင်းပြောလေ့ရှိလို့ ဗဟုသုတ
များစွာရ၏။
ဒါပေမယ့် တွေ့တိုင်း " ဘကြီး ဘာဟင်းနဲ့ထမင်းစားလာ
သလဲ? လို့မေးတော့ ကိုယ့်မှာ အောင့်အောင့်သွားသည်။
KP နက္ခတ်ဗေဒင်စနစ်ကို အသုံးပြုဟောနေသူအဖို့ ဒီလို
မေးခွန်းမျိုးကို မဖြေနိုင်စရာအကြောင်းမရှိပါ။
ဒါပေမယ့် ကိုယ်က အဲဒီအပိုင်းကို သုတေသနမလုပ်ရ
သေး။
ဒါနဲ့ ဘကြီးကို-
" ဘကြီး.... နောက်တစ်ခါ ဘာဟင်းနဲ့စားလာလဲမေးရင်
တိတိကျကျဖြေပေးမယ်။ လို့ပြောလိုက်တယ်။
နောက်ရက်တွေကျတော့ "အိမ်ရှင်မထည့်ပေးတဲ့ထမင်းချိင့်ထဲမှာဘာဟင်းပါသလဲ?" လို့ဟူးရားမေးခွန်းမေးပြီး သုတေသန လုပ်ခဲ့တယ်။
သုတေသနက ရက်ပိုင်းအတွင်းအောင်မြင်ခဲ့တယ်။ ပျော်
လိုက်တဲ့ဖြစ်ခြင်း။
သွေးနထင်ရောက်ပြီး၊ မြေကြီးနဲ့ခြေထောက်လွတ်သလား
အောက်မေ့ရလောက်အောင် " ငါကွ " ဆိုပြီး ဘဝင်တွေမြင့်
သွားတယ်။
ကြက်သီးမွေးညှင်းတွေထတဲ့အထိ ကိုယ့်ကိုယ်ကို ဂုဏ်
ယူခဲ့မိတယ်။
များမကြာခင် ဘကြီးတုပ် ဘုရားထဲရောက်လာတယ်။ ဧည့်သည်လဲရှင်းခိုက်ကြုံနေပြန်တယ်။
ဘကြီးတုပ်က ထုံးစံအတိုင်း " ဆရာလေး၊ ဘကြီးဘာဟင်းနဲ့စားလာလဲ? လို့ပြောပြောဆိုဆို ဟောခန်းထဲဝင်လာတယ်။
ကျွန်တော်ကသိပ်တွက်ချင်နေတဲ့သူဆိုတော့ "ဘကြီး ထိုင်။ ကျွန်တော်ဘကြီး ဘာဟင်းနဲ့စားလာလဲဆိုတာတွက်မယ်။" လို့ပြောလိုက်တော့ ဘကြီးကပြုံးပြုံးကြီးကြည့်နေတာ ကို မျက်လုံးထဲမှာ ကနေ့ထက်ထိမြင်ယောင်မိသေးတယ်။
ကျွန်တော်ကဟူးရားဇာတာတစ်စောင် ချက်ချင်းကောက်ဖွဲ့ခဲ့ပြီး ၂-တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ကိုထုတ်လိုက်ကာ.....
" ဘကြီး ဘာအသားနဲ့စားခဲ့သလဲဆိုတာဟောမယ်"
လို့ပြောလိုက်တော့...
"အေး... အေး... ဆရာကလေးကိုတော့ယုံပါတယ်"လို့
ပြောလေသည်။
ဟူးရားဇာတာ၌ ၂-တန့်ဘာဝသန္ဓိဘုတ္တိသခင်ဂြိုဟ်သည် ဗြိစ္ဆာရာသီ၌ရပ်ကာ ၊မိဿရာသီရပ်နေသောဂြိုဟ်ပိုင်နက္ခတ်ကိုစီးထားသဖြင့်၊ မဆိုင်းမတွဘဲ-
"ဘကြီးက ဆိတ်သားနဲ့ထမင်းစားခဲ့တာဘဲ၊ ပုဇွန်ငပိ
ထောင်းလေးတောင်ပါသေး။" လို့ပြောလိုက်ရာ
ဘကြီးက ကျွန်တော့ကို စကားပင်မပြောနိုင်တော့ဘဲ
ကြောင်ပြီး ကြည့်နေလေတော့သည်။
ကျွန်တော်က...
"ကျွန်တော်ပြောတာမမှန်လို့လား?ဘကြီး " လို့မေး
လိုက်တော့၊ ဘကြီးတုပ်က...
"ဆရာလေးကအကြားအမြင်ရနေပြီဘဲ။ " ဟုပြောကာ တောင်ဝှေးကလေးဆွဲလျှက် ဟောခန်းမှ ထွက်ခွာသွားလေတော့သတည်း။
(KP ဟူးရား)
29 January 2021
Viewed 758 time