KP လဂ်စီးဘုတ္တိနက္ခတ် နှင့် စိတ်နေစိတ်ထားများ (၄)
KP လဂ်စီးဘုတ္တိနက္ခတ် နှင့် စိတ်နေစိတ်ထားများ (၄)
ကျွန်ုသည် ဇာတာရှင်တစ်ဦးတစ်ယောက်၏ စိတ်နေသဘာဝဟောကြားချက်များကို ချန်လှပ်ထားရန်မသင့်ဟုယူဆမိသည်အလျှောက် သင်တန်းသားများအတွက်
ပြုစုရေးသားလိုက်ပါသည်။ ဤကဏ္ဍကရာသီပရိယာယ်၊ ဂြိုဟ်ရိယာယ်၊ နက္ခတ်ပရိယာယ်၊ ဘာဝပရိယာယ်တို့ကို ကောင်းမွန်စွာကျေညက်ထားမှသာကျွမ်းကျင်ပိုင်နိင်စွာဟောနိုင်မှာဖြစ်ပါသည်။
အထက်ပါ ဂြိုဟ်ပရိယာယ်၊ ဘာဝပရိယာယ်၊ ရာသီပရိယာယ်၊ နက္ခတ်ပရိယာယ် နှင့် ရာသီ ၁၂-ပါးအပေါ်လွှမ်းမိုးနေသောဂုဏ်သတ္တိများကို အရှေ့တိုင်းနက္ခတ်ဗေဒင်၊ အနောက်တိုင်းနက္ခတ်ဗေဒင်ပညာများထက် KP နက္ခတ်ဗေဒင်ပညာရပ်တွင် ပိုမိုပြည့်စုံစွာ တွေ့ရပြီး လက်တွေ့အသုံးချကြောင်းလည်းအမြဲတစေတွေ့နေရပါသည်။
ဇာတာတစ်စောင်တွင် လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်(သို့) ၁-တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည်-
၁။ မိဿရာတွင် ရပ်တည်နေသောဂြိုဟ်ပိုင်နက္ခတ်ကို စီးထားလျှင် ဇာတာရှင်သည် အယူအဆ အမြင်ပြင်းထန်သည်။ အခြားသူတို့၏ သဘောထားကို မလေးစားတတ်။ ဘာသာရေးကိစ္စတွင် တယူသန်သည်။ တဇွတ်ထိုးသမား အစွန်းရောက်သမားဖြစ်မည်။ ဒေါသထွက်လွယ်သည်။ တိုက်ခိုက်လိုစိတ်ရှိ၍ အဆိပ်အတောက်ရှိသော စကားတို့ကိုပြောမည်။ အခက်အခဲများကို ကောင်းဆိုးနှစ်တန်နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းပစ်ရန်ကြိုးပမ်းမည်။ အလွယ်တကူ ရန်ဖြစ်တတ်သည်။ ချီးမွမ်းလျှင် အလွယ်တကူမြောက်တတ်သည်။( အမြှောက်ကြိုက်သည်၊) အလျင်စလို လုပ်တတ်သည်။
၂။ ပြိဿရာသီ၌ ရပ်တည်သောဂြိုဟ်ပိုင်နက္ခတ်ကို စီးထားလျှင် ခံစားချက်ကိုမွေးဖွားမည်။ ဒုက္ခကို ဖိတ်ခေါ်မည်။ မည်သည့် ကိစ္စကိုမဆို အသေမှတ်ပြီး တစ်ယူသန်ဆန်ကာ ခေါင်းမာမည်။ ကံကိုယုံ ကြည်သူဖြစ်သည်။ ဒေါသထွက်လွယ်၍ လက်တုန့်ပြန်တတ်သည်။ လက်စားချေတတ်သည်။ ပင်ပင်ပန်းပန်း အသက်မွေးရသည်ကို မနှစ်သက်ချေ။
၃။ လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် မေထုန်ရာသီတွင်ရပ်တည်နေသော ဂြိုဟ်တစ်လုံးပိုင် သည့် နက္ခတ်တွင်ရှိလျှင် ဇာတာရှင်သည် အမှုကိစ္စများကို ဆောင်ရွက်ရာတွင် အလျှင်အမြန်ရှိသည်။ လှုပ်ရှားလုပ်ကိုင်ရာတွင် လျှင်မြန်သည်။ ဆုံးဖြတ်ချက်မြန်မည်။ ကောင်းဆိုး နှစ်ထွေရောနေမည်။ အရာရာ ကို တင့်တင့်တယ်တယ်ဖြစ်စေမည်။ အကြံဉာဏ်ကောင်း ပေးနိုင်သူဖြစ်မည်။ အလုပ်တွင် ဖြတ်လမ်းလိုက် တတ်သူဖြစ်သည်။ အနားမယူတတ်။
၄။ လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် ကရကဋ်ရာသီရှိ ဂြိုဟ်ပိုင်နက္ခတ်၌ တည်နေပါက ဇာတာရှင်သည် စဉ်းစားလေ့ရှိသည်။ အလွယ်တကူ နာခံတတ်သည်။ မိမိ၏နောက်ကျမှုကြောင့် စိုးရိမ် သောကဖြစ်ပေါ်တတ်သည်။ စိတ်ကူးယဉ်ပြီး စိတ်လှုပ်ရှားသည်။ ငွေကြေးပူပန်ရတတ်သည်။ သတိဝိရိယ ကောင်းမည်။ ခွင့်မလွှတ်တတ်၊ လက်စားချေမည့် သဘာဝရှိမည်။
၅။ လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် သိဟ်ရာသီရှိ ဂြိုဟ်တစ်လုံး၏ နက္ခတ်၌ ရောက်ရှိနေ ပါက ဇာတာရှင်သည်၊ မာနတက်ရခြင်းကို နှစ်သက်မည်။ ရန်သူများကို နောက်ကျောမှနေ၍ ဓါးဖြင့်ထိုးမည်။ ဘက်လိုက်မည်။ နောက်ကြောင်းပြန်မကြည့်ချေ။ ရက်ရောမှု သိမ်မွေ့မှု အစဉ်လိုအပ်မှု ရှိနေမည်။ မာနကြီးမည်။
၆။ လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် ကန်ရာသီရှိ ဂြိုဟ်တစ်လုံးပိုင် နက္ခတ်၌ တည်နေ ပါက ဇာတာရှင်သည်၊ ဇဝနဉာဏ်ရွှင်၍ ဟာသဉာဏ်ကောင်းမည်။ စိစိစစ်စစ်ရှိမည်။ အသေးစိတ်ပို၍ကျမည်။ အခြားသူတို့အပြစ်ကို မြင်လွယ်၏။ စိတ်အာရုံထွေပြားမည်။ အသိအလိမ္မာကြွယ်ဝမည်။ ရှုပ်ထွေးမှု အစဉ်ရှိမည်။ မပျော်ရွှင်သော အိမ်ထောင်ရေးဖြစ်မည်။ စီးပွားရေးမှာ လာဘ်မြင်မည်။ ကြင်ဘက်မှာ လေလွင့်နေမည်။
၇။ လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် တူရာသီရှိ ဂြိုဟ်တစ်လုံးပိုင် နက္ခတ်၌ တည်နေ ပါက ဇာတာရှင်သည်၊ စိတ်လှုပ်ရှားလွယ်သူဖြစ်မည်။ လိင်ကိစ္စ နှစ်သက်မည်။ အလုပ်နှင့်ဘဝကို ရောထွေးမည်။ စိတ်ကူးကောင်းမည်။ အခြားသူတို့၏ အမူအယာအပြော အဆိုအကြံအစည်ကို ပုံတူကူးမည်။ အချိန် ဖြုန်းနေမည်။ ကျယ်ပြန့်သော အမြင်ရှိမည်။ ခွင်လွှတ်တတ် မေ့ထားတတ်မည်။ အလှအပအမွှေးအကြိုင်တို့ ကို နှစ်သက်မည်။ လိင်ကိစ္စနောက် ကောက်ကောက်ပါအောင်လိုက်ရင်း ရေတိမ်နစ်တတ်သည်။
၈။ လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် ဗြိစ္ဆာရာသီ၌ ရောက်ရှိနေသော ဂြိုဟ်ပိုင် နက္ခတ်ကို စီးထားလျှင် ဇာတာရှင်သည် မိမိကိုယ်ကို အထင်ကြီးလွန်းမည်။ အခြားသူတို့ကို ဝေဖန်ရေးပြုမည်။ အသိလိမ္မာရှိမည်။ လိမ္မာ၍ ပင်ပင်ပန်းပန်းလုပ်ရခြင်းကို နှစ်သက်မည်။ စိတ်တိုတတ်မည်။ အခြားသူတို့၏ ဖိတ်ခေါ်ခံရမှုကို အလွယ်တကူရရှိနိုင်သလို အပင်ပမ်းလည်းခံရမည်။ အဓမ္မပြုမှုကိုလည်း နှစ်သက်သည်။ အရက်သေစာသောက်စားမှုကိုလည်း နှစ်သက်မည်။ ရဲရင့် တတ်သည်။
၉။ လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် ဓနုရာသီ၌ ရောက်ရှိနေသော ဂြိုဟ်ပိုင် နက္ခတ်ကို စီးထားလျှင် တစ်ကိုယ်ကောင်းဆန်မည်။ သစ္စာရှိမှု ကိုယ်ချင်းစာမှုကင်းမည်။ လက်တုန့်ပြန်တတ်သော် လည်း မည့်သူ့ကိုမျှ မလှည့်ဖြားတတ်။ ရည်ရွယ်ချက်နှင့် စွမ်းရည်မရှိချေ။ ရဲရင့်မည် အလျင်စလိုလုပ်တတ်မည်။ ရှုံးနိမ့်ခြင်းကို လက်မခံတတ်ချေ။ အိမ်ထောင်ဖက် အရွေးမှားတတ်သည်။ ရင်ကြပ်ပန်းနာ ရောဂါရရန် အကြောင်းရှိသည်။
၁ဝ။ လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် မကာရရာသီ၌ ရောက်ရှိနေသော ဂြိုဟ်ပိုင် နက္ခတ်ကို စီးထားလျှင် ရည်ရွယ်ချက်ကြီးသူဖြစ်ပြီး အာဏာမက်မောမည်၊ မိမိအလုပ်နှင့် လုပ်ရပ်ကို နားလည်သိမြင်မည်။ အမှန်အတိုင်းပြုကျင့်မည်။ တစ်ကိုယ်ကောင်းဆံမည်။ အကောင်းမြင်တတ်ပြီး မျှော်လင့်ချက်အပြည့်နှင့် နေထိုင်မည်။ စိတ်တင်းကျပ်ပြီး ဖိအားပေးခံရသည်အထိ အရာရာကို အင်တိုက် အားတိုက်လုပ်မည်။ သိက္ခာရှိခြင်းနှင့် သံတမာန် ဆက်ဆံနည်း ကိုဖြစ်အောင်ပြုမည်။ အာရုံခံစားလွယ်မည်။ အထိန်းအချုပ်မဲ့တတ်သည်။ လိင်မတူကို နှစ်သက်မည်။ လူလတ်ပိုင်းအထိ ပျင်းရိနှေးကွေးလေးတွဲ့သော်လည်း နောက်ပိုင်း၌ တက်ကြွမြန်ဆန်မည်။
၁၁။ ၁တန့်ဘာဝသန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် ကုံရာသီတွင်ရောက်ရှိနေသောဂြိုဟ်ပိုင် နက္ခတ်၌ ရပ်တည်နေပါက ဇာတာရှင်သည် တစ်ဦးတည်းနေရသည်ကို အစဉ်သဘောကျမည်။ ဆူညံသည့် ပါတ်ဝန်းကျင်ကို မုန်းတတ်သည်။ ပျင်းရိလေးတွဲ ဖင့်နွှဲတတ်သည်။ အချိန်အတိအကျမလုပ်တတ်ချေ။ အစဉ်ထိုင်းမှိုင်းနေမည်။ ရိုးရာကို မနှစ်သက်ချေ။ အဆိုးမြင်တတ်သည်။ ထုံးစံမဟုတ် ပုံမှန်မဟုတ်ရှိမည်။ စီမံကိန်း ချ၍စဉ်းစားမည်။
၁၂။ ၁တန့်ဘာဝခွဲသခင်ဂြိုဟ်သည် မိန်ရာသီတွင်ရောက်ရှိနေသောဂြိုဟ်ပိုင် နက္ခတ်၌ ရပ်တည် နေပါက ဇာတာရှင်သည် တစ်နေရာတည်းထိုင်၍ မှိုင်တွေနေတတ်မည်။ အာရုံနောက်ကောက်ကောက်ပါ မည်။ စိုးရွံတတ်၍ ဒုက္ခတစ်စုံတစ်ရာကို ကြောက်ရွံမည်။ အခြားသူတို့၏ အကြံဉာဏ်ကို ပယ်ချမည်။ စိတ်လှုပ်ရှား၍ ယုံကြည်စိတ်ချမှုမရှိဘဲ၊ မိမိကိုယ်ကို သိမ်ငယ်အောင်ပြုမည်။ လိင်ကိစ္စအပျော်အပါး နောက် လိုက်သွားမည်။ အဆိုးမြင်ဝါဒသမား ဖြစ်မည်။ မိမိကိုယ်ကို နားလည်ရန်ခက်၏။ သိက္ခာကျမည်။
ဤကဏ္ဍကိုဖတ်ကြားရာတွင် လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်စီးနင်းထားသည့် ဂြိုဟ်သည် အခြားဂြိုဟ်များ၏ ပူးခြင်း၊ယှဉ်ခြင်း၊ မြင်ခြင်းစသည်တို့ကိုလည်း
သုံးသပ်ဟောကြားရမည်ဖြစ်သည်၊ လှေနံဓါးထစ်မမှတ်ယူသင့်ပေ၊ ထို့ကြောင့်ဂြိုဟ်ပရိယာယ်၊ ဘာဝပရိယာယ်၊ နက္ခတ်ပရိယာယ်တို့ကို ကြွယ်ဝနေစေရန်လိုအပ်သည်။
အထက်မှာဖော်ပြထားသော အပိုဒ် ၁၂-ပိုဒ်သည် လဂ်သန္ဓိဘုတ္တိနက္ခတ်သခင်ဂြိုဟ်သည် ရာသီတစ်ခုတွင်ရပ်တည်နေသောဂြိုဟ်ပိုင်နက္ခတ်ကိုစီးစဉ်ဟောရမည့်ဟောကိန်းသာဖြစ်၍ မည်သည့်ဘာဝ၊မည်သည့်နက္ခတ် နှင့် မည်သည့်ဂြိုဟ်တို့မြင်ခြင်းကိုပါ သုံးသပ်ဟောကြားရမည်။
ဤသို့ဖြင့် အမြွှာများတွင် စိတ်နေစိတ်ထားများအပါအဝင် ဘာဝအသီးသီးကညွှန်ပြျသာ အကြောင်းအရာများပင်ကွဲသွားလိမ့်မည်။ အမြွှာတစ်ဦးက ဆရာဝန်ဖြစ်လာပြီး တစ်ဦးမှာ တရားသူကြီးဖြစ်လာရခြင်းသည် သန္ဓိဘုတ္တိများညွှန်ပြသည့်အတိုင်းသာ အကျိုးဖြစ်ထွန်းရပေသည်။
ဂြိုဟ်များမှဖော်ပြသော ရုပ်သွင်လက္ခဏာသွင်ပြင် နှင့် အကျင့်စရိုက်များကို လာမည့်အခန်းတွင်ဖော်ပြပေးပါမည်။
(ဆက်လက်ဖော်ပြပေးပါမည်၊)
(ပညာရှင်ကဏ္ဍ)
29 January 2021
Viewed 1522 time