လက္ခဏာဆရာနှင့် မောင့်အချစ်မြားစူး

Category: Article

မနေ့က ထောင်အမှတ်အသားများသုတေသနအတွက် မင်နှိပ်ထားတဲ့လက်ပုံစံတွေကိုရှာရင်း ၂၀၁၃-ခုနှစ်လောက်က မဂ္ဂဇင်းတိုက်ပို့ရန်ရေးထားတဲ့စာမူလေးတွေ့လို့ ကျွန်ုပ်၏ကွန်ပြူတာစာရေးကြီး ဆရာညိုမင်းစံအား စာရိုက်ခိုင်းပြီး တင်ပေးလိုက်ပါတယ်။
မဂ္ဂဇင်းတိုက်များသို့ ဆောင်းပါးအဖြစ် Legal ဆိုဒ်ဖြင့် စာမျက်နှာ (၅) မျက်နှာခန့်ပို့ပေးရပါတယ်။ စာမူတစ်စောင်ကို ဘယ်လိုရေးရတယ်ဆိုတာလေ့လာရအောင် စာမူကိုတင်ပေးထားပါတယ်။ အဲဒီစာမူထဲမှာ နမူနာလက်ပုံစံများကို စာမျက်နှာ (၅) မှာဖော်ပြပေးထားပါတယ်။
ဒီလက္ခဏာဆောင်းပါးကို ရေးချင်တာကြာပြီ။ ဒါပေမယ့် အကြောင်းမညီညွတ်လို့ မရေးဖြစ်ခဲ့ တာ။ ခေါင်းစဉ်တပ်ပြီးမှ မရေးဖြစ်ခဲ့တာပါ။ လက္ခဏာဆရာတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့ တဲ့ ဖြတ်သန်းမှုတစ်လျှောက် စောင်းငဲ့ကြည့်လိုက်မယ်ဆိုရင်၊ ခေါင်းစဉ်ပါအကြောင်းအရာနဲ့ တူညီတဲ့ အဖြစ် အပျက်တွေကို အများကြီးတွေ့ကြုံခဲ့ရလေတော့၊ မည်သူတစ်ဦးတစ်ယောက်ရဲ့ အကြောင်းကိုမူတည်ပြီး ရေးရမလဲဆိုတာ အခက်တွေ့ခဲ့ပါတယ်။
ဟိုအရင့်အရင်က ဒီလိုတူညီတဲ့ ဟောကွက်တွေ အများအပြားရှိခဲ့လို့၊ မှတ်တမ်းတွေကို ပြန်ရှာ ဖို့လိုအပ်ပါတယ်။ ကျွန်ုပ်ကလည်း အဲသလိုပြန်ရှာရမှာ ဝန်လေးတဲ့သူဆိုတော့ မနေ့တစ်နေ့ကဟောလိုက်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ကိုတင်ပြလိုက်ပါတယ်။
အဲဒီနေ့က သိပ်လှတဲ့မိန်းကလေးနှစ်ယောက် ကျွန်ုပ်ထံ လက္ခဏာမေးပါတယ်။ တက္ကသိုလ် ကျောင်းသူလေးတွေပါ။ ပထမဆုံးမေးတဲ့ မိန်းကလေးက ဖူးစာရှင်ရဲ့ ပုံသဏ္ဍာန်၊ အရပ်အနိမ့်အမြင့်၊ အသက်ကွာခြားမှု၊ ဘဝအဆင့်အတန်း၊ အကျင့်စာရိတ္တနဲ့ ဘယ်အရပ်ဒေသကလဲဆိုတာ အဓိကထားပြီး မေး သွားပါတယ်။
ဒီလိုမေးခွန်းတွေကို KP ဇာတာဖွဲ့ပြီး၊ KP ရှေ့ပြေးနက္ခတ်ဗေဒင်နဲ့ ဟောမှ တိကျတဲ့အဖြေကို ရ မှာပါ။ လက္ခဏာရှုထောင့်က ဟောဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ အတွေ့အကြုံမရှိရင်၊ မလေ့လာဖူးရင်၊ သုတေသနပြုထားမှုမရှိရင် ဟောနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်ုပ်အနေဖြင့် အချိန်များစွာပေးပြီး၊ ဦးဏှောက်ပွင့်ထွက်သွားမတတ် သုတေသနပြုထားလို့သာ အနှီကိစ္စမျိုးကို ဟောနိုင်တာပါ။ အိမ်ထောင်ရှင် ဇနီးမောင်နှံတို့၏ လက္ခဏာဒွိစုံနှင့် ဇာတာဒွိစုံပေါင်း ထောင်ချီပြီး သုတေသနပြုစုလေ့လာခဲ့လို့သာ အဆင်ပြေခဲ့တာပါ။
အံ့ဩစရာကောင်းတာက KP ရှေ့ပြေးနက္ခတ်ဗေဒင်ကဟောချက်တွေက လက္ခဏာမှ ဖော်ပြ တဲ့အဓိပ္ပါယ်တွေနဲ့၊ အမြဲတစေ တူညီနေတာ တွေ့ရပါတယ်။ KP ရှေ့ပြေနက္ခတ်ဗေဒင်က ပထနီဘာဝသန္ဓိ ဘုတ္တိနက္ခတ်က အိမ်ထောင်မကျဘူး၊ အပျိုကြီး လူပျိုကြီးဖြစ်မယ်လို့်ဖော်ပြရင်၊ လက္ခဏာမှာလည်း အိမ်ထောင်ရေးလမ်းကြောင်းက အပျိုကြီး၊ လူပျိုကြီးဖြစ်မယ်ဆိုတာတွေ့ရပါတယ်။
ကျွန်ုပ်အနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့ မည်သည့်ဗေဒင်ပညာရပ်မဆို တတ်အောင်သင်ထားခဲ့ပါတယ်။ ဟောတဲ့နေရာမှာတော့ ကျွန်ုပ်ရဲ့(Master Piece) ဖြစ်တဲ့ လက္ခဏာနဲ့ KP ရှေ့ပြေးနက္ခတ်ဗေဒင်ကို အသုံး ပြုပါတယ်။
ကမ္ဘာကျော်လက္ခဏာဆရာကြီးကိုင်ရို(Cheiro)က ပြောဖူးပါတယ်။ "လက္ခဏာနဲ့ နက္ခတ်ဗေဒင် က ဒင်္ဂါပြားရဲ့ခေါင်းနဲ့ပန်းလိုပဲ၊ ခေါင်းနဲ့ပန်းမပါရင် ဒင်္ဂါပြားမဟုတ်သလို၊ လူတွေရဲ့ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပာန်ကို ဟောရာမှာ လက္ခဏာနဲ့ နက္ခတ်ဗေဒင်ကိုတွဲသုံးရမယ်" လို့ဆိုပါတယ်။
ကျွန်ုပ်ဟာ တစ်စုံတစ်ယောက်ရဲ့လက္ခဏာကိုကြည့်လိုက်ယုံမျှနဲ့ သူ/သူမ ရဲ့ဇာတာခွင်မှာ ၁နွေ ဂြိုဟ်ကဘယ်ရာသီ၊ ၂င်္လာ၊ ၃င်္ဂါ၊ ၄ဟူး၊ ၅တေး၊ ၆ကြာ၊ စနေနဲ့ရာဟုစတဲ့ဂြိုဟ်တွေက ဘင်္ယရာသီမှာ၊ လဂ်က ဘယ်ရာသီမှာရပ်တည်တယ်ဆိုတာ သိအောင်၊ လက္ခဏာနဲ့ဇာတာကို တွဲဖက်ပြီး၊ သုတေသနမြောက်များ စွာပြုလုပ်ဖူးပါတယ်။
ဆရာကြီးကိုင်ရိုမိန့်ကြားခဲ့သလို လက္ခဏာနဲ့ နက္ခတ်ဗေဒင်ဟာ ဒင်္ဂါပြားတစ်ပြားရဲ့ ခေါင်းနဲ့ပန်းဆိုတာ ကိုယ်တိုင်ကိုယ်ကျ သိလိုက်ရတယ်။
ယခုလည်း ပထမဆုံးမေးလိုက်တဲ့ မိန်းကလေးသိချင်တဲ့ ဖူးစာရှင်ရဲ့အကြောင်းအရာတော် တော် များများကို ဟောလိုက်ပါတယ်။ ဟောပြောမှုအပြီးမှာ သူမရဲ့ Handset ကဖုန်းခေါ်သံ Ring Tone ကြောင့် ဟောခန်းနဲ့မလှမ်းမကမ်းမှ ဖုန်းပြောနေစဉ်၊ ကျန်ရစ်သူမိန်းကလေးရဲ့လက်ဝါးပြင်ကို စက္ကန့်ဝက် တောင်မရှိတဲ့ အခိုက်အတန့်အတွင်းမှာပဲကြည့်ပြီး……။
" မောင့်အချစ်မြှားစူးလို့ ရူးခဲ့ရပြီ၊ နှလုံးသားတွေ အစိတ်စိတ်ကြေမွသွားခဲ့ပြီ။ မပြန်လာခဲ့တဲ့သူကို မှ တမ်းတမ်းတတဖြစ်နေတယ်။ ဘယ်တော့မှ ချစ်သူတစ်ယောက်အဖြစ်၊ အိမ်ထောင်ဘက်တစ်ယောက် အ ဖြစ်နဲ့ ကိုယ့်ဆီပြန်လာမှာ…မဟုတ်ပါဘူး။" လို့သူမ,ကို ဟောလိုက်ပါတယ်။
ဒီတင်သူမက ကျွန်ုပ်ကို.....
" အရင်တစ်ခါ ဆရာဆီလာမေးသေးတယ်။ ဆရာက ဒီအတိုင်းပဲဟောခဲ့တာ" ဟု သူမ,ကပြော လေသည်။ ဟုတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်ုပ်ကလည်း တစ်ချို့သော ပရိတ်သတ်တွေကို ခေါင်းထဲမှာ စွဲနေအောင်မှတ်ထားမိတာမျိုးဖြစ်နေသည်။
ကျွန်ုပ်ကဆက်မဟောသေးပဲ ရပ်ထားလိုက်တယ်။ သူမတွေဝေနေသည်။ ငိုင်နေသည်။ ဟောသူနဲ့ အဟောခံရသူကြား တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။မကြာခင်မှာပဲ တိတ်ဆိတ်ငြိမ်သက်နေမှုကို သူမကဖြိုခွင်းလိုက်သည်။
"ဆရာပြောတာ သိပ်မှန်တယ်။ သူကျွန်မဆီပြန်မလာတော့ဘူး။" ဟုပြောသည်။
ကျွန်ုပ်က သူမ,ဆက်ပြောလာမည့် စကားကိုစောင့်နေလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်က ဆက်လက်ပြောရန် သူမရဲ့နှလုံးသားကို လှုပ်နိုးခဲ့ပြီမဟုတ်ပါလား။
"ကျွန်မသိပ်ချစ်ခဲ့တယ်ဆရာ။ လွန်ခဲ့တဲ့ (၅)လလောက်က သူနဲ့ခိုးရာလိုက်ခဲ့တယ်။ ကျွန်မတို့ အိမ်နဲ့ သူတို့အိမ် မသင့်မတင့်ဖြစ်ခဲ့တော့ မင်္ဂလာပွဲမလုပ်နိုင်ခဲ့ဘူး။ အခုတော့သူက သူတို့အရပ်ထဲက မိန်းကလေးတစ်ယောက်နဲ့ ပေါ်ပေါ်ထင်ထင်တွဲနေတယ်။ ကျွန်မရဲ့နှလုံးသားတွေလွင့်စင်ကုန်ပြီဆရာ။" ဟုပြောလေသည်။
ဟောခန်းသည် တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။ ပထမဦးဆုံးမေးသော မိန်းကလေး၏ ။ ဖုန်းပြောသံကို ရံဖန်ရံခါကြားနေရသည်။ မကြာခင် တိတ်ဆိတ်မှုကို သူမ,ကပင် ထပ်မံဖြိုခွင်းပြန်သည်။
" ဆရာက ကျွန်မချစ်သူနဲ့မဆုံဘူးလို့ ပြောချင်တာလား။"
ကျွန်ုပ်ကခေါင်းညိတ်လိုက်သည်။
" ဒါဆိုရင် ကျွန်မ…သူ့ကိုဆက်ပြီး မမျှော်လင့်တော့ဘူးဆရာ။"
" ဒါတော့ သမီးရဲ့သဘောပါ။" ဟုပြောရသည်။
အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့ လက္ခဏာ ဆရာ၊ ဗေဒင်ဆရာတွေက သူတို့ရဲ့အနာဂတ်ကို ဟောဖို့သာ တာဝန်ရှိတာပါ။ ဤကဲ့သို့သော ကိစ္စမျိုးကို "ဆက်လိုက်ပါ။" " ဖြတ်လိုက်ပါ။" ဟု ပြောရန်မလိုအပ်ဘဲ၊ သူတို့ကိုယ်တိုင် ရွေးချယ်ရန် ညွှန်ကြားရုံဖြစ်ပါ သည်။ ဝဋ်လိုက်ခံပြီး ဖြတ်လိုက်ပါဟု မပြောသင့်ပေ။
ဆွေးနွေးမှုကုန်ဆုံးချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဖုန်းပြောသည့် မိန်းကလေးရောက်လာသည်။ ထို့နောက် သူတို့နှစ်ဦးအတွက် ကျသင့်ငွေ ပူဇော်ပြီး ဟောခန်းမှ ထွက်ခွာသွားလေတော့သည်။
ယခင် ကျွန်ုပ်ထံမေးခဲ့စဉ်က သူမ၏ အစ်ကိုပါလာသဖြင့်၊ အနှီဇာတ်လမ်းကို မပြောဖြစ်ခဲ့ပေ။ ယခုမှ ဖွင့်ပြောရခြင်းဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။
ဤကဲ့သို့ လျှပ်တပြက်အတွင်း တိကျမှန်ကန်စွာဟောနိုင်ပုံကို စာဖတ်ပရိတ်သတ်များ သိချင် ပေလိမ့်မည်။ ဒီကိစ္စကို မရှင်းပြခင် ကျွန်ုပ်အားမျက်လှည့်ပညာနှင့် အင်္ဂလိပ်စကားပြောကို သင်ကြားပေးခဲ့ သော မစ္စတာ ဒီဆေးလ်ဗား Mr D.Silver ၏ သွန်သင်မှုတစ်ရပ်ကို တင်ပြလိုပါတယ်။
မစ္စတာ ဒီ ဆေးလ်ဗားသည် ကျွန်ုပ်ကိုလက်ဖြင့်လှည့်စားရသော လက်လှည့်ပေါင်းမြောက်များ စွာကို သင်ပေးစဉ်က လက်လှည့်တစ်ကွက်အတွက် အကြိမ်ပေါင်းများစွာလေ့ကျင့်ခဲ့ရပါတယ်။ သင်ခန်းစာ တိုင်း ဆရာ့ကို မျက်လှည့်ပြန်ပြရပြီး ဆရာက မျက်လှည့်ဆရာ၏ မျက်လုံးဖြင့်၊ မျက်လှည့်ဆရာ၏ အသိဖြင့်မကြည့်ဘဲ၊ ပရိတ်သတ်တစ်ဦး၏ အသိဉာဏ်ဖြင့်သာကြည့်ရှု၍ တက်မြောက်သွားပြီ၊ သို့မဟုတ် သေသပ်ရန် လေ့ကျင့်မှုလိုသေးသည်။ စသဖြင့်မှတ်ချက် စကားဆိုလေ့ရှိပါတယ်။
မျက်လှည့်ပြရာတွင် Stage Show ခေါ် ဇာတ်ခုံပေါ်ပြသည့်စနစ်နှင့် Ground Show ခေါ် မြေ ပြင်တွင်ပြသည့်စနစ် နှစ်မျိုးရှိပါတယ်။ Stage Show စနစ်တွင် ပရိတ်သတ်က မျက်လှည့်ဆရာရဲ့ ရှေ့တည့်တည့်မှ ကြည့်ရှုရပြီး၊ Ground Show ကတော့ မျက်လှည့်ဆရာကို ပရိတ်သတ်များ ဝန်းရံကြည့်ရှု လေ့ရှိပါတယ်။
" ရှေးခေတ် မျက်လှည့်ဆရာကြီးများက မျက်လှည့်ပညာရဲ့ နည်းစနစ်များကို လျှို့ဝှက်လေ့ရှိပြီး မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထုတ်ဖော်ပြောပြခြင်း မရှိသောကြောင့် ကြည့်ရှုသူပရိတ်သတ်အပေါင်းမှာ အံ့ဩလွန်းမက၊ အံ့ဩကြရသည်။
ယနေ့ ခေတ်သစ်ကမ္ဘာတွင် မျက်လှည့်ပညာရပ်ကို "သိပ္ပံမျက်လှည့်"အဖြစ် စာအုပ်စာတမ်းများ ရေးသားထုတ်ဝေဖြန့်ချီပြီး၊ လျှို့ဝှက်ချက်များကိုဖောက်သည်ချကြသည်။ ထို့ကြောင့် မျက်လှည့်ပညာရပ် အပေါ် လူတွေအထင်ကြီးမှု နည်းသွားကြသည်။
ဆရာက သွန်သင်ခဲ့သည်မှာ "မျက်လှည့်ပညာရပ်ကို အံ့ဩအောင်ပြပါ။ သို့သော်လျှိုု့ဝှက်ချက် ကိုထိမ်းသိမ်းပါဟူ၏။" ကလေးများကို မျက်လှည့်ပြရာတွင်လည်း "No Twice" နှစ်ကြိမ်မပြရဟုဆိုသည်။ နှစ်ကြိမ်ပြခဲ့သော် ကလေးများသည် လူကြီးများကဲ့သို့ ဣန္ဒြေရရမကြည့်ရှုဘဲ၊ နှစ်ကြိမ်ပြခဲ့သော် မျက်လှည့် ဆရာ၏ လျှို့ဝှက်ချက်မပေါ် ပေါ်အောင်ဖော်ကြလိမ့်မည်ဟူသတတ်။
သို့သော် ကျွန်ုပ်က လက္ခဏာပညာ၏ လျှို့ဝှက်ချက်တွေကိုတော့ ဖွင့်ပြဖော်ထုတ်ပေးပေမယ့်၊ လက္ခဏာပညာရှင်မဟုတ်တဲ့ စာဖတ်ပရိတ်သတ်အဖို့၊ အစိတ်အပိုင်းအနည်းငယ်သိခွင့်ရသွားတယ်ဆိုရင်ပဲ ကြေနပ်လှပါတယ်။ လက္ခဏာပညာသည် မျက်လှည့်ပညာကဲ့သို့မဟုတ်ပေ။ "ဒါတွေ့ရင် ဒီလိုဟောဆိုတဲ့ အပိုင်းနဲ့၊ ခြုံငုံသုံးသပ်ပြီး ဟောရမယ်ဆိုတဲ့ အပိုင်းနှစ်ခုရှိပါတယ်။" ယခုတင်ပြလိုတာကတော့ ဒါတွေ့ရင် ဒီလိုဟောပါဆိုတဲ့အပိုင်းပါဘဲ။
ကျွန်ုပ်သည် မိန်းကလေးရဲ့ လက်ဝါးပြင်နှစ်ဖက်ကို ဖတ်ရာ တဒင်္ဂအတွင်း သူမရဲ့ ညာဘက် လက်ဝါးပြင်၏ သောကြာဂြိုဟ်ခုံပေါ်မှာ "မှဲ့နက်တစ်လုံး"ကိုတွေ့လိုက်သောကြောင့်၊ ဤကဲ့သို့"မောင့်အချစ် မြှားစူးအမှတ်အသား" ဟုတင်စားခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။
ဖော်ပြပုံစံကဲ့သို့ သောကြာဂြိုဟ်ခုံပေါ်တွင် မှဲ့နက်တစ်လုံးပေါက်နေမယ်ဆိုရင်"မောင့်အချစ်မြှား စူး" လို့သေချာပေါက် ဟောရမှာပါ။ သို့သော် သောကြာဂြိုဟ်ခုံပေါ်မှာ မှဲ့မရှိတဲ့ မိန်းကလေးတွေလည်း "မောင့်အချစ်မြှားစူး"တတ်ပါတယ်။ ဒါက ပညာစခန်းပါ။
ဟိုး……လွန်ခဲ့တဲ့ ၁၅. ၇. ၂ဝ၁၁ သောကြာနေ့ နေ့လည် ၁နာရီ ၃၃မိနစ်မှာ၊ ၂၇. ၉. ၁၉၇၈၇ ဖွား၊ နာမည်နှစ်လုံးထဲမှည့်ထားတဲ့ တနင်္ဂနွေသမီးတစ်ဦးရဲ့၊ လက်ဝဲဘက်သောကြာဂြိုဟ်ခုံမှာ မှဲ့နက်ကလေး တစ်လုံးတွေ့လို့-
" မောင့်အချစ်မြှားစူးလို့ရူးရပြီ။ ကိုယ်ကတော့ ချစ်လိုက်ရတုန်လို့၊ သူကတော့မှုန်နေအောင်ပြေး တယ်။ ကမ္ဘာ့အပြေးချန်ပီယံ အူစိန်တော့ နေခဲ့တော့ ဆိုတဲ့အတိုင်းပဲ။" လို့ ဟောလိုက်တယ်ဆိုရင်……။
မျက်နှာကိုလက်ဝါးနဲ့အုပ်ပြီး၊ ကြူကြူပါအောင်ငိုတော့တာဘဲ။ ဟောလိုက်တဲ့ ကျွန်ုပ်မှာနေမထိ ထိုင်မသာတောင်ဖြစ်သွားတယ်။ လက္ခဏာက ဒီလိုမှန်တာ။ ထိုအချိန်ရဲ့ အင်္ဂဝိဇ္ဇာတိုင်က သောကြာဂြိုဟ် ကတ္တားမှာရှိနေပါတယ်။ သောကြာနေ့ဖြစ်လို့ မူလတိုင်ဟာလည်း သောကြာ ကတ္တားဖြစ်နေပြန်ရော။
အင်္ဂဝိဇ္ဇာလိုက်စားသူများမှတ်သားရန်မှာ သောကြာကတ္တားအချိန်မှာမေးရင် အချစ်ရေးကိစ္စဖြစ် ပြီး၊ တနင်္ဂနွေကတ္တားချိန်မှာလာမေးရင်တော့ အိမ်ထောင်ရေး၊ အလုပ်အကိုင်၊ အရွှေ့အပြောင်း၊ အိမ်ခြံမြေ အကြီးအကဲတို့နဲ့ ပတ်သက်ပါလိမ့်မယ်။
အကယ်၍များ သင့်လက်ဝါးပြင်ရဲ့သောကြာဂြိုဟ်ခုံပေါ်မှာမှဲ့နက်ကလေးတစ်လုံးပေါ်နေမယ်ဆို ရင်……။
" အကြင်တရားစုတို့သည် အကြောင်းသာလျှင်အမွန်အစရှိကုန်၏။ "
" ယေဓမ္မာ ဟေတုပ္ပဘဝါ "
(ပညာရှင်ကဏ္ဍ)

 

29 January 2021

Viewed 1028 time

Engine by shopup.com